ပန်းလုသစ်ဆင်းတော်သလင်း
မြန်မာလူမျိုးများ၏ တစ်ဆယ့်နှစ်လရာသီလများတွင် တော်သလင်းလသည်
ဆဋ္ဌမမြောက်လဖြစ်
သည်။ ရာသီပွဲတော်မှာ လှေသဘင်ပွဲဖြစ်ပြီး ကျွန်မတို့မြန်မာလူမျိုးအများစု
နှစ်ခြိုက်သဘောကျကြသည်။
ဤလမှာ ရက်စုံသတ်လဖြစ်၍ ရက် ၃၀ရှိသည်။ ဤရာသီကား (တော်ကောင်းကင်+သလင်း=သာလင်း- သာယာထွန်းလင်း)အမည်နှင့် လိုက်ဖက်ညီအောင် ကောင်းကင်တွင် မိုးသားမိုးတိမ်ကင်းစင်၍ သာယာလှပ ကြည်လင်နေသည်။ ၀ါဆို၊ ၀ါခေါင်လများက ပုန်းလျှိုနေသော နေမင်းကြီးသည် တစ်ဖန်ပြန်၍ မင်းမူချေပြီ၊ နေမင်းမှာ ကောင်းကင်၌ မိုးသားတိမ်လိပ်
အကာအကွယ်ကင်းမဲ့နေသဖြင့်
“တော်သလင်းနေ
ပုစွန်သေ”ဆိုပြီး ငါး၊ ပုစွန်လေးများ သေလာက်အောင်ပူပြင်းသည်ဟု ဆိုခဲ့သည်။
ထိုလတွင် ရေပြင်ကိုကြည့်မည်ဆိုလျှင် “တော်သလင်း မြစ်ပြင်တွင် သင်ဖြူးခင်း” ဆိုသည့်အတိုင်း မြစ်ရေပြင်တွင် လှိုင်းလေကင်းစင်သဖြင့် သင်ဖြူးဖြန့်ခင်းသကဲ့သို့ ငြိမ်သက်လျက်ရှိနေပေသည်။ သို့သော် တစ်ခါတစ်ရံတွင် မိုးများတက်ရာ “တော်သလင်းမိုး ကန်သင်းကျိုး”ဟူ၍ လယ်ကန်သင်းများကျိုး ပေါက်အောင် သဲသဲမဲမဲ ရွာတတ်သည်ဟု ဆိုကြသည်။ ယခုကာလတွင် မုန်တိုင်းနှင့်ရောနေသည်။ လယ်ကန်သင်းများကျိုးအောင် ရွာချသောမိုးကြောင့် “တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ”ဟု ဆိုပြန်သည်။ ထိုလတွင် မှတ်မှတ်သားသား မိုးတစ်မိုးကျန်သေးသည်။ ထိုမိုးမှာ “ကန်ဆင်းမိုး” ဖြစ်သည်။
တနင်္ဂနွေဂြိုဟ်မင်းသည် သိန်(သိမ်)ရာသီမှ ကန်ရာသီသို့ ပြောင်းဝင်သက်ဆင်းခဲ့ပြီးဖြစ်ရကား ထိုသို့ ပြောင်းသည်ကိုအစွဲပြုကာ ကန်ဆင်းမိုးဟုကြောင်း ပြက္ခဒိန်ပညာရှင်တို့က ဆိုကြသည်။ ထို့ကြောင့် ပင် တံဆိပ်ဝန်မင်းက အဘိရူပကပျို့တွင် “ထောင်ခြည်ထိန်ဝင်း၊ သိန်ကယွင်း၍ လျှံဝင်းဖြိုးဖြိုး ကန်ဆင်းမိုး ဟု ကြိုးကစွေသွန် မေဃ၀န်သို့” ဟူ၍ ဖွဲ့ဆိုခဲ့သည်။ ကန်ဆင်းမိုးရွာမည့်ရက်ကို နှမ်းကြီးကြဲရန်အတွက် လယ်သမားများ မှတ်သားကြသည်။ တော်သလင်းလကို နက္ခတ်ဗေဒင်အခေါ်အားဖြင့် ကန်ရာသီဟုခေါ်ဆို ကြသည်မှာ “ကညာရာသီ”ဟုသည့် ဝေါဟာရ “ကနျရာသသျှီ”ဟူသည့် သက္ကတဝေါဟာရတို့မှ ဆင်းသက် လာခြင်းဖြစ်သည်။ ကညာ၊ အနျတို့မှာ မိန်းမငယ်ဟု အဓိပ္ပာယ်ရသည်။ ရာသီ၊ ရာသျှီတို့မှာ အစုအပုံဟု အဓိပ္ပာယ်ရသည်။
တော်သလင်းလတွင် တောက်ပသောကြယ်အစုမှာ လက်တစ်ဖက်တွင် ကောက်ဆုပ်ကိုင်၍ လက် တစ်ဖက်တွင် ဆီမီးတိုင်ကိုကိုင်ကာ လှေစီးနေသော မိန်းမငယ်သဏ္ဌန်ရှိသည့် ကြယ်စုတောက်ပသည့်အ တွက် ဤလကို “ကညာရာသီ” သို့မဟုတ် “ကန်ရာသီ”ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
တော်သလင်းတွင် ကောင်းကင်၌
“ပြုပ္ပဘဒြပိုဒ်” နက္ခတ်သည် ငွေလ၀န်းနှင့် ယှဉ်ပြိုင်မွန်းတည့်၏။ ရာသီပန်းမျာ ယင်းမာပန်း နှင့် အင်ကြင်းပန်းတို့ဖြစ်သည်။ လ၏ရာသီသဘင်ပွဲတော်မှာ ပန်းလုသဘင်နှင့် သစ်ဆင်းသဘင် တို့ဖြစ် သည်။ ထို့ကြောင့် ဆည်သည်ရွာစား ဦးအောင်ကြီး၏ လူးတားတွင် “သာစွလေ၊ မြစ်ရေကမ်းပြည့်၊ ထန်းလည်းမှည့်၍၊ စည့်စည့် မိုးလ၊ ဘဒြနှင့် ပြည့်ပအညီ၊ ကန်ရာသီဟု၊ အာနီမြခိုင်၊ ယင်းမာလှိုင်က၊ မွှေးကြိုင်နဲရွှင်း၊ တော်သလင်းကား၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊သစ်ဆင်းယင်းလျက်”ဟု ဖွဲ့ဆိုထားသည်။
တော်သလင်းလ၏ သဘာဝအခြေအနေနှင့် ယင်းမာပန်းနံ့ မွှေးပုံလေးကိုနန်းတွင်းသူ မယ်ခွေက ချစ်ဖွယ်ကောင်းအောင် ရေးခဲ့ပုံမှာ “မင်းလွင်ငယ်မှာတလှည့်၊ မသာစနိုးစိတ်လက်ကယ်ညှိုးအောင်၊ မိုးတ လှည့်နှင့် အိုဘယ့်ရာသီ၊ လည်ပြောင်လည်လှုပ်၊ ပဲတောင်းပြုတ်နှင့် ဗုတ်ဇီဝဇိုး၊ တောင်တံရိုးက။ ချစ်ကြိုက် မပျက်၊ လည်ချင်းယှက်လို့၊ ၀တ်ရက်ကယ်ချီသည်၊
ဝေသီသီပင်မြင့်နန်းက၊ ပန်းယင်းမာမွှေး” ဟူ၍ ဖွဲ့ဆိုခဲ့ သည်။ လှေပြိုင်ပွဲတော်ကို ပန်းလုသဘင်၊ ရေပွဲသဘင်၊ မြစ်ယံပွဲစသည်ဖြင့် အမည်အမျိုးမျိုးခေါ်ကြသည်။ ၄င်းပွဲသဘင်ကို မြန်မာမင်းများ အလွန်နျစ်သက်တော်မူကြသဖြင့် လှေတော်မှူးကြီးများ ကြပ်မတ်စေလျက်
ဘုရင်မင်းမြတ်က ချီးမြှင့်မြှောက်စားတော်မူသည်။ တော်သလင်းလ လှေသဘင်ပွဲတွင် ပါဝင်သောလှေအမျိုး အစားများမှာ လှော်ကားလှေတော်ကြီး၊ လှော်ကားတော်၊ ခတ်လှေတော်၊ လောင်းတော်၊ ရဲလှတို့ပါဝင်သည်။
လှေနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် လှေတော်သံ၊ လှေကြီးချင်း၊ လှေတော်ဘွဲ့၊ လှေတာစဉ်၊ ဖောင်ငယ်ကြိုး၊ ဖောင်လားကြိုး၊ ဖောင်ဆိုက်ကြိုး၊ နဒီမော်ပြင်ကြိုး၊ ဘတ်ရေး ၃၇မင်း၊ လူးတားကဗျာ၊လှေမေတ္တာစာစသည့် လှေနှင့်ပတ်သက်သော လကာင်္၊ကဗျာ၊တေးဂီတ၊ အတီးအမှုတ်၊ စကားပုံများမှာ မြန်မာ့ရိုးရာ အမျိုးသားအမွေအနှစ်များဟု ခေါ်ဆိုရမည်။ လှေပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်မဟာရဋ္ဌသာရက “ဦးထုပ်ကား ရွှေ၊ ငွေကား လက်ကြပ်၊ နီလှပ်ဝတ်စား၊ လှေတော်သားတို့၊ ရွှေပြားရိုးရဲ၊ ခြူးရဲတက်လှေ၊ ချလည်းတစ်ညီ၊ ချီလည်းတသွယ်၊ ချယ်လည်းညီမောင်၊ ဟန်ရေးဆောင်၍” ဟုဖွဲ့ဆိုခဲ့သည်။ ပန်းလုသဘင်ဟူသည် မြန်မာ့ယဉ်ကျေးမှုတွင် ပန်းသည်အောင်မြင်ခြင်း အထိမ်းအမှတ်ဖြစ်၍ လှေပြိုင်ပွဲတွင်သာမက အခြားမည်သည့်ပြိုင်ပွဲ၌မဆို အနိုင်ရ၍ အောင်မြင်ခြင်းကို ပန်းဝင်ခြင်းဖြစ်သည်ဟု
ယူဆကြသည်။
ပန်းတိုင်ရောက်သည်ဟု
ဆိုကြသည်။
လှေပြိုင်ပွဲတွင်
အပြိုင် အဆိုင် လှော်ခတ်လာကြပြီး ပထမလှေသည် ပန်းဆွယ်ပွဲကို ၀င်ရသည့် ပန်းဆွတ်နိုင်သူဖြစ်၍ အနိုင်ပေး သည်။
သစ်ဆင်းပွဲဟုသည့် ပွဲတော်အား မီလိုက်ဖူးသူ၊ မြင်လိုက်ဖူးသူပင်မရှိတော့သော ပွဲတော်မှာ သတိရ ဖွယ်ဖြစ်သည်။ ကုသပျို့၃၁တွင် ပါရှိသည်ကား “လှေပြိုင်ပွဲလည်း၊ ၀ှဲဝှဲပုဆိုးနီစွာစိုးလျက်၊ ပိုက်ကြိုးခင်းကျင်း၊ ခုန်ကဆင်းသား၊ မင်းလည်ထွက်ရှု၊ ရဲစုများဖြင့်၊ တိုင်လေးစင်နှင့် သဘင်သစ်ဆင်း၊ စားပွဲကျင်း” ဟူ၍ဖြစ် သည်။ မင်းတုန်းမင်းတရားကြီး၏ ပိဋကတ်စာတော်ပြန်ဆရာကြီး ဦးဖားကမူ ဖော်ပြပါအတိုင်း လေးတိုင်စင် ပေါ်မှ လူကိုယ်တိုင်ခုန်ချလိုက်သော လဖြစ်သောကြောင့် သစ်ဆင်းလဟုခေါ်တွင်ကြောင်း ရေးသားဖော်ပြ ထားသည်။ ပုဂံဝန်ထောက်မင်းဦးတင်၏ မှတ်တမ်းတွင်လည်း ဦးဖား၏အယူမှန်ကန်ကြောင်း လူကိုယ်တိုင် လည်း သစ်ဆင်းနေပုံတွေ့ရှိရကြောင်း ဖော်ပြထားရာ ထိုလကို လေးတိုင်စင်ပေါ်မှ လူကိုယ်တိုင်ခုန်ချသော ကြောင့် သစ်ဆင်းလဟုခေါ်ကြောင်း သေချာစွာမှတ်သားအပ်ပေတော့၏ဟု ဖော်ပြထားသည်။
တောင်သူလယ်သမားတို့၏ အယူမှာ ခုန်ချသူ ပက်လက်ကျလျှင် မိုးမကောင်း၊ မှောက်လျက်ကျ လျှင် မိုးကောင်းမည်ဟူ၍ နိမိတ်ဖတ်ကြသည်။ ကုန်းဘောင်ခေတ် တစ်ဆယ့်နှစ်လရာသီဖွဲ့စာများနှင့် တစ်ဆယ့်နှစ်လရာသီပွဲတော်များ၌ သစ်ဆင်းသဘင်အကြောင်းပါမလာတော့ချေ။ ပြည်သူများက ခေတ်မီ လာကာ ယုတ္တိမဲ့သော အယူအဆများကို မယုံကြည်တော့သည့် သဘောလည်းဖြစ်နိုင်ကြောင်း ယူဆရ သည်။ သို့မဟုတ် သစ်ဆင်းရိုးရာကို ဦးစီးဆောင်ရွက်ခွင့်ရှိသူ၊ ဆောင်ရွက်နိုင်သူ တိမ်ကောသွားသော ကြောင့်လည်းဖြစ်နိုင်သည်။
တော်သလင်းလ၏ ပွဲတော်နှစ်ခုအနက် လှေပွဲသဘင်မှ အတန်အသင့်ကျန်ရှိသေးသော်လည်း သစ်ဆင်းသဘင်မှာမူ ကွယ်ပျောက်ခဲ့ပြီဟုဆိုရပေမည်။ ထိုသစ်ဆင်းပွဲဆိုသည်မှာ ဧရာဝတီမြစ်၊ ရွှေဘို၊ ကျောက်မြောင်းမြစ်အတွင်း သစ်ဖောင်းများပေါ်တွင် တဲအိမ်ကလေးများ မီးခိုးတလူလူနှင့်
ထမင်းချက်စား
နေသော သစ်ဖောင်သများကိုကြည့်လျက် ကျွန်မသတိတရ အမှတ်ရဆဲရှိနေသည်မှာ သစ်ဆင်းပွဲတော်ပင် ဖြစ်သည်။ သို့သော် ကျမ်းအဆူဆူသည် ချေဖျက်လိုက်ပြီးတကား ဤခေတ်တွင် ခေတ်နှင့်လျော်ညီစွာ သီးနှံ အထွက်တိုးတာဝန်ပေးအပ်ပွဲ၊ စုပေါင်းကောက်စိုက်ပွဲ၊ ကောက်စိုက်ပြိုင်ပွဲများက သစ်ဆင်းပွဲအစား နေရာယူ လာချေပြီ။ ။