Saturday 16 September 2017

ဝေရောစနကျောက်စိမ်းစေတီတော်ကြီး၏ ပရိဝုဏ်အတွင်း၌
ကျောက်စိမ်းလိုဂူတော်ကြီးတည်ဆောက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်
          မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာအနီးတွင် တည်ထားကိုးကွယ် လျက်ရှိသော ဝေရောစနကျောက်စိမ်းစေတီတော်ကြီး ပရိဝုဏ်အတွင်း၌ ကျောက်စိမ်းလိုဏ်ဂူတော်ကြီး အား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ (၃၀)ရက်မှစ၍ တည်ဆောက်ခဲ့ရာ ယခုအခါ ၉၀ရာခိုင်နှုန်းကျော်ပြီးစီးသွားပြီ ဖြစ်ကြောင်း ကျောက်စိမ်းဂိုဏ်ဂူတော်ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောပြ၍ သိရသည်။

          ဝေရောစနကျောက်စိမ်းစေတီတော်ကြီး ပရိဝုဏ်အတွင်းသြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ သြ၀ါဒ ကိုခံယူ၍ ကျောက်စိမ်းလိုဏ်ဂူတော်ကြီးကို တည်ဆောက်ခြင်းဖြစ်ပြီးဝေရောစနကျောက်စိမ်းစေတီတော်ကြီး တည်ဆောက်စဉ်က အရည်အသွေးကောင်းကျောက်စိမ်းဖြတ်သားများမှ အကာသားကျောက်စိမ်းဖြတ်စ အပို တန်ချိန်၃၀၀ခန့် ထွက်ရှိကြောင်း၊ ယင်းကျောက်စိမ်းဖြတ်စအပိုများနှင့် သံချောင်း၊ ဘိလပ်မြေတို့ကို ဘုရားဒါယကာ သီရိသုဓမ္မ္မမဏီဇောတဓရ ဦးစိုးနိုင် (လူမှုထူးချွန် ပထမဆင့်)က လှူဒါန်းခဲ့ကြောင်း၊ ဂေါပ ကအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ ယခုအခါ ၉၀ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဖြစ် ကြောင်း၊ မူလက သီတင်းကျွတ်လတွင် ဖွင့်လှစ်ရန်ရည်ရွယ်ခဲ့သော်လည်း ထပ်မံတိုးချဲ့ဆောင်ရွက်မှုများရှိ သောကြောင့် နတ်တော်လ (သို့) ပြာသိုလမှသာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ကျောက်စိမ်းလိုဏ်ဂူ တော် ဖြစ်မြောက်ရေးဥက္ကဋ္ဌကပြောသည်။
ကျောက်စိမ်းလိုဏ်ဂူတော်ကြီးမှာ ထပ်တိုးများအပါအ၀င် အလျားပေ ၂၅၀၊ အနံ ၁၃၊ အမြင့် ၁၃ပေ ရှိကြောင်း၊ ထပ်တိုးဆိုသည်မှာ လိုဏ်ဂူတော်အ၀င်ဝတွင် ကျောက်စိမ်းနဂါးရုပ်ကြီးများ ထပ်မံဆောင်ရွက် လျက်ရှိကြောင်း၊ အတွင်းပိုင်း၌ ပတ္တမြားအစစ်များရှိသလို မိုးကုတ်ဆရာတော်ကြီး၏ ဓာတ်တော်၊ မွေတော် များလည်းပါဝင်ကြောင်း၊ တစ်လုံးလျှင် တစ်တန်ခန့်ရှိသော ကျွန်းလုံးပေါင်း ၂၂လုံး ထည့်သွင်းတည်ဆောက် ထားကြောင်း၊ ကျောက်စိမ်းဖြင့်ထုဆစ်ထားသော ဗုဒ္ဓရုပ်ပွားတော်များ၊ ဇာတ်ကြီးဆယ်ဘွဲ့၊ အောင်ခြင်းရှစ် ပါး၊ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော် သမိုင်းဝင်ပုံစံငယ်များ၊ ကျောက်ပညာနှင့်ပတ်သက်၍ ကျောက်အမျိုး အစားနှင့်  ထွက်ရှိရာဒေသကအစ လေ့လာနိုင်အောင်ဖော်ပြထားကြောင်း၊  ဂင်္ဂါမြစ်၏ ပကတိကျောက်သား ပုံစံများ၊  ကျောက်စိမ်းတုံးများဖြတ်လိုက်သောအခါ  သဘာဝအတိုင်း ရုပ်ပုံများပေါ်လာသော ကျောက်စိမ်း တုံးများ၊  သဘာဝအတိုင်းဖြစ်ပေါ်လာသောထူးဆန်းထွေလာကျောက်စိမ်းကမ္ဘာ ဘုရားဒါယကာ ဦးစိုးနိုင် ရဲ့သူ့ဘ၀သူ့အကြောင်း အမရပူရမြို့နယ်၏ တောင်သူလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊ အိုးလုပ်ငန်းများကို ပန်းချီကားများဖြင့် ပြသသွားမည်ဖြစ်ကြောင်း၊ ကျောက်စိမ်းထမင်းဝိုင်း၊ ပုဂံခေတ်၊ ပျူခေတ်မှစတင်၍ လက်ကောက်များ ၀တ်ဆင်ခြင်း၊ လက်ဝတ်ရတနာများ ၀တ်ဆင်ခြင်းများကိုလည်း ဖော်ပြထားကြောင်း၊ ကံကောင်းခြင်း၊ အတိတ်နိမိတ်ကိုဖြစ်ပေါ်စေသော Lucky Fish ရုပ်တုများ ထုဆစ်ပြသ ထားကြောင်း ကျောက်စိမ်းလိုဏ်ဂူတော်ဖြစ်မြောက်ရေးဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
ကျောက်စိမ်းလိုဏ်ဂူတော်ကြီးကို ဝေရာစနကျောက်စိမ်းစေတီတော်ကြီး၏ ပရိဝုဏ်အတွင်း ၀င် လိုက်တဲ့အခါမှာ တောအုပ်ကလေးတွင်း ၀င်ရလိုက်သလို စေတီတော်၊ လိုဏ်ဂူတော်နဲ့ သူတော်ကောင်းတို့ ပျော်မွေ့ရာ၊ သူတော်စင်များကိန်းအောင်းရာ နေရာဖြစ်အောင် အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက် ခြင်းဖြစ်ပါတယ်ဟု ၄င်းကဆက်လက်ပြောကြားသည်။


No comments:

Post a Comment