Friday 9 February 2018

ဆုတောင်းပြည့်ဝသော နေရာလေးတခု ( သို့ ) ကလေးလိုချင်နေသောမိဘများအတွက် ဆုတောင်းသင့်ရင်း ဒေသန္တရဗဟုသုတ ရရှိစေသော လည်ပတ်စရာ နေရာလေး တခုဟုလည်း ပြောပြနိုင်ပေသည်။

မန္တလေး -မုံရွာ ကားလမ်းဘေးမှ မြောင်မြို့အထိ ၇ မိုင်ကျော်ခန့်အကွာ ကျန်စစ်သား၏ မွေးရပ်ဇာတိနှင့်မနီးမဝေးနေရာလေးတွင်တည်ရှိပါသည်။ သဘာဝပါတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်တော့ အပူပိုင်းဒေသနှင့်အညီ ပူပြင်းခြောက်သွေ့သည်ဟု ထင်ရ သော်လည်း ကျောက်နဂါးဝင်းထဲတွင်တော့ အေးချမ်း သာယာလှပါသည်။


ကျောက်နဂါးသိုက် ဓါတ်ပေါင်းစေတီကြီးကလည်း သပ္ပါယ်သလို အဓိပါယ်များစွာလည်း တည်ရှိနေပါသည်။  ဒေသဆိုင်ရာ နတ်မင်းကြီးများ၏စောင့်ရှောက်မှုအရလို့ ပြောဆို သလို၊ အိမ်မက် အရ တူးဖော်ရင်းကတွေ့ရှိသည်ဟု ဒေသလူတချို့၏ စကားမှ သိရှိ လေ့လာရပါသည်။

နေရာဒေသတခု၏ ထူးခြားမှုအရအနေဖြင့် လာရောက်ဖူးမျှော်သူများ ရှိသလို၊ ဘာသာရေးအရ လာရောက်ကြသူများ၊ ရင်သွေးရတနာ ကလေးလိုချင်သဖြင့် လာရောက်သူများရှိကြပါသည်။ အများဆုံးလာရောက်သူများကတော့ ယုံကြည်မှုတခု အနေဖြင့် ကလေးလိုချင်သူ မိဘများ အထူးများပြားပေသည်။ ကျောက်နဂါးသိုက် ဓါတ်ပေါင်းစေတီမှ ပြန်ထွက်လာပါက ဒေသထွက် ရေသံကျောက်လေးများ ရောင်းချ ပေးနေသော ဒေသထွက်လက်ဆောင်ပစ္စည်း အရောင်းဆိုင်လေးကလည်း ဘုရားဖူးတို့ စိတ်ဝင်အစားဆုံးနေရာလေးအဖြစ် လူပြည့်နေတတ်ပေသည်။

ဓါတ်ပေါင်းစေတီမှပြန်ထွက်လာပြီး ပြန်အတက် တောင်ကုန်းပေါ်တွင်လည်း အဘ ဘိုးမင်းခေါင်အားကိုးကွယ်သော တပည့်သားသမီးများအတွက် လည်ပတ်ဖူးမျှော်စရာ နေရာလေးတခုကိုလေ့လာဖူးမျှော်ရသည်မှာလည်းအမောပေါ့။ 

တကယ့်စိတ် အ၀င် စားဆုံးနေရာကတော့ ကျောက်ကလေးနတ်နန်းနေရာလေးအဖြစ် ခရီးသွားသူတို့၏ စိတ်ကို အစိုးမိုးဆုံးနေရာလေးပါ။ တကယ်လိုချင်သူများက အမှန်တကယ် ဆုတောင်း နေသလို တကယ်ရခဲ့သူများကလည်း ဆုတောင်းစဉ်က ပေးခဲ့သောကတိအတိုင်း ပြန်လည်လာရောက်လှူဒါန်းထားသောမှတ်တမ်းလေးများ၊ ကလေးသုံးပစ္စည်းလေး များဖြင့် ပြည့်နေပေတော့သည်။ တကယ်ကိုလည်း စိတ်ဝင်စားစရာပါ။ တိုက်ဆိုင်မှုဆိုသည်ထက် ပိုနေလေမည်လားထင်ရလောက်အောင် မှတ်တမ်းလေး များက အသိသက်သေအပြည့်ပေါ့။


အင်ကြင်းကျောက်သားကြီးဖြင့် သဘာဝ အတိုင်း ကျောက်နဂါးပုံဖြစ်တည်နေမှုနှင့် ကျောက်ကလေးနတ်နန်း တည်ရှိနေမှုက လေ့လာသူတို့၏စိတ်ကို ပြေးထွက် မသွားအောင် ဖန်ဆင်းထားသလို ဖြစ်နေသောကြောင့် သွားရောက်လည်ပတ် လေ့လာဖို့ တိုက်တွန်းရင်း

ကိုရဲ
Golden Ayeyarwaddy
092 5757 3939

2 comments:

  1. ka lay da kae ya larr sute taung yin?

    ReplyDelete
  2. ဟုတ်ကဲ့ ။ ဒေသခံတွေ ပြောပြချက်အရ ဆုတောင်းပြည့်တယ်ပြောကြပါတယ် ခင်ဗျာ

    ReplyDelete